Featured post

ရခိုင်သမိုင်းအတွက် တန်ဖိုးမဖြတ်နိုင်သော မေဓပညာမော်ကွန်းလင်္ကာ

ရခိုင်သမိုင်းအတွက် တန်ဖိုးမဖြတ်နိုင်သော မေဓပညာမော်ကွန်းလင်္ကာ မေဓပညာဆိုသည်မှာ AD (7) ရာစု ဝေသာလီကျောက်လှေကားခေတ်တွင် ထင်ရှားသော ပညာ ရှိအမတ...

Thursday, 18 February 2016

စွယ်စုံပညာရှင် ဦးမေအောင်

စွယ်စုံပညာရှင် ဦးမေအောင်
အင်္ဂလိပ်ဘာသာ၌ သာလျှင် အထူး ပေါက်မြောက် ချီးမွမ်းလောက်သော ပဂ္ဂိုလ် မဟုတ်သေး။ မြန်မာဘာသာ - ပေါရာဏနှင့် ဝေါဟာရ စာဟောင်း စာမျဉ်း တို့ကိုလည်း။ အထူးလိုလား လိုက်စားသော ပုဂ္ဂိုလ်ကြီးဖြစ်သည့် အားလျော်စွာ။ ယခု နာမည် ထင်ရှားလျက် ရှိသော ပရိုဖက်ဆာ ဆရာလွန်း ထံ၌ တပည့် ခံခဲ့ဖူး၍။ ရှေးဧချင်းဟောင်း ၁၂ စောင်တွဲ စာအုပ် တအုပ်ကို ကိုယ်တိုင် တည်းဖြတ်၍ပင် ရိုက်နှိပ် ဖြန့်ချိ ခဲ့ဘူးလေသည်။ ဤကဲ့သို့ စွယ်စုံပညာဂုဏ်
အရည်အချင်းဖြင့် ပြည့်စုံသဖြင့်။ မြန်မာပြည် တိုင်းရင်းသားတို့ ရရှိနိုင်သော ရာထူးများ အနက်။ အကြီးဆုံး ဖြစ်သော ပြည်ထဲရေး အမတ်ကြီး ရာထူးဖြင့်။ အစိုးရတို့၏ ချီးကြူး ခန့်အပ်ခြင်းကို ခံခဲ့ရသည် ဖြစ်ရာ။ အဆိုပါ ပုဂ္ဂိုလ်ကြီး၊ ထင်ရှား ရှိနေခြင်းသည်။ မြန်မာပြည်ကြီး၏ ကြက်သရေပင် ဖြစ်ရကာ။ ယခုကဲ့သို့။ သက်တန်း မစေ့မှီ။ ကွယ်လွန် အနိစ္စ ရောက်ရခြင်းအတွက်။ သာ၍ပင် ဝမ်းနည်းဘွယ် ဖြစ်ချေသည်။ . . . ” . . . [၂ဝဝ၇ ခုနှစ်၊ နိုဝင်ဘာလမှာ Unity စာပေက ပထမ အကြိမ် အဖြစ် ထုတ်ဝေ ဖြန့်ချိခဲ့တဲ့ မောင်ဇေယျာရဲ့ 'ကမ္ဘာသိ မြန်မာများနှင့် ကမ္ဘာသိ မြန်မာ စာအုပ်များ' ကနေ "စွယ်စုံပညာရှင် ဦးမေအောင်" အကြောင်းကို ပြန်လည် ကူးယူ ဖော်ပြတာ ဖြစ်ပါတယ်။]
စွယ်စုံပညာရှင် ဦးမေအောင်
ကိုလိုနီခေတ် မြန်မာ့သမိုင်းတွင် စွယ်စုံ ထူးချွန်သော ပညာရှင် တဦး မှာ ဦးမေအောင် (၁၈၈ဝ -
၁၉၂၆) ဖြစ်သည်။ ဦးမေအောင်သည် ကိုလိုနီခေတ် မြန်မာ့နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ တရားရေး၊ ပညာရေးနှင့် စာပေ ယဉ်ကျေးမှု နယ်ပယ် အသီးသီးတွင် ရှေ့တန်းမှ ဦးဆောင်ဦးရွက် ပါဝင်ခဲ့သူ တဦး ဖြစ်သည်။
ဦးမေအောင်သည် နိုင်ငံရေးနှင့် ပတ်သက်လျှင် မြန်မာ့ လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းတွင် အလွန် အရေးပါခဲ့သော ဝိုင်အမ်ဘီအေ (YMBA) ခေါ် ဗုဒ္ဓဘာသာ ကလျာဏ ယုဝအသင်း (၁၉ဝ၆) ကို ပြုစုပျိုးထောင်သူ၊ ရန်ကုန်မြို့တွင် ပထမဆုံး အကြိမ် ကျင်းပသော ဝိုင်အမ်ဘီအေ အသင်းများ အစည်းအဝေးတွင် ချယ်ယာမင် (သဘာပတိ) အဖြစ် ဆောင်ရွက်ခဲ့သူ၊ ၁၉၁၇ ခုနှစ်တွင် ကာလကတ္တားသို့ အန္ဒိယနိုင်ငံ ဆိုင်ရာ အတွင်းဝန် မွန်တေဂူနှင့် သွားရောက် တွေ့ဆုံရန် ဝိုင်အမ်ဘီအေမှ ရွေးချယ် စေလွှတ်သော ကိုယ်စားလှယ် အဖွဲ့ဝင် အဖြစ် သွားရောက်ခဲ့သူ တဦး ဖြစ်သည်။
အုပ်ချုပ်ရေး နယ်ပယ်တွင် အစိုးရ ရှေ့နေ တဦး အဖြစ် လည်းကောင်း၊ ဒိုင်အာခီ အုပ်ချုပ်ရေးတွင် ဒုတိယမြောက် ပြည်ထဲရေး ဝန်ကြီးချုပ် အဖြစ် လည်းကောင်း ဆောင်ရွက်ခဲ့သည်။ တရားဥပဒေ လောကတွင် ထူးချွန် ထက်မြက်သော ဝတ်လုံတော်ရ၊ တရားသူကြီး၊ တရားလွှတ်တော် တရားဝန်ကြီး၊ မြန်မာ ဗုဒ္ဓဘာသာ တရားဥပဒေနှင့် ပတ်သက်၍ အဆုံးအဖြတ် ပေးနိုင်သူ ပညာရှင် တဦးအဖြစ် သတ်မှတ် ခံရသည်။ ပညာရေးနှင့် ပတ်သက်လျှင် ဥပဒေ ပညာကို အင်္ဂလန်ပြည် ကိန်းဘရစ် တက္ကသိုလ်၌ သင်ကြားခဲ့၍ ဥပဒေဘွဲ့ (L.L.B) နှင့် မဟာ ဝိဇ္ဇာဘွဲ့ (M.A) ရခဲ့သည်။ ဝတ်လုံဘွဲ့ (Barrister at Law) ကို လင်ကွန်းအင်း ဥပဒေကျောင်းမှ အောင်မြင်၍ မြန်မာ ပညာရေး ဆင်ဒီကိတ် အဖွဲ့မှ ချီးမြှင့်သည့် ဘီဂန်ဒက် ရွှေတံဆိပ် ရရှိခဲ့သည်။ ထိုဆုမှာ ဘက်စုံ ပညာ ထူးချွန်သူများကို ချီးမြှင့်သည့် အဆင့်မြင့် ပညာရေးဆု တဆု ဖြစ်သည်။ ရန်ကုန် တက္ကသိုလ် ဥပဒေ ဌာန၏ ပထမဦးဆုံးသော အချိန်ပိုင်း ဥပဒေ ပါမောက္ခ (၁၉၂၁ - ၂၂) အဖြစ်လည်း ဆောင်ရွက်ခဲ့သည်။
စာပေ ယဉ်ကျေးမှုနှင့် ပတ်သက်၍ ဦးမေအောင်သည် မြန်မာ စာပေ မြန်မာ့ ယဉ်ကျေးမှု မြန်မာ့ ဓလေ့တို့ကို အထူးရိုသေ လေးစားသူ တဦး အဖြစ် ထင်ရှားသည်။ ငယ်စဉ်က မြန်မာစာပေ၊ မြန်မာ့ ရာဇဝင်ကို ကျောင်းတွင် ဘာသာရပ် တခု အဖြစ် စနစ်တကျ သင်ကြားခွင့် မရသော်လည်း ဘိလပ်ပြန် ဝတ်လုံတော်ရ ဘဝတွင် မြန်မာ ပညာရှိများထံ တပည့်ခံ၍ လေ့လာ လိုက်စား ခဲ့သည်။ အထူးသဖြင့် ဆရာလွန်း (မစ္စတာ မောင်မှိုင်း) အား ဆရာတင်၍ ပညာရှာခဲ့သည်။ ဤသို့ဖြင့် ၁၉၁၂ ခုနှစ်တွင် ပေ၊ ပုရပိုက်တွင် တိမ်မြုပ်နေသည့် ဧချင်းများကို စနစ်တကျ တည်းဖြတ်၍ ဧချင်းဟောင်း ၁၂ စောင်တွဲ အမည်ဖြင့် ထုတ်ဝေခဲ့သည်။ မော်လမြိုင်မြို့ ရမ္မာပူရ စာပုံနှိပ်တိုက်တွင် ပုံနှိပ်၍ ကိုယ်တိုင် ထုတ်ဝေခဲ့ခြင်း ဖြစ်သည်။ ရမ္မာပူရ စာပုံနှိပ်တိုက်မှာ ယောက္ခမ ဦးထွန်းဖြူပိုင် ပုံနှိပ်တိုက် ဖြစ်သည်။ ဧချင်းဟောင်း ၁၂ စောင်တွဲတွင် -
1. ရခိုင်မင်း (အဒူမင်းညို)
2. သခင်ထွေး ဧချင်း (ရှင်သူရဲ)
3. မင်းတရား ရွှေထီး ဧချင်း (လှော်ကားသုံးထောင်မှူး)
4. မင်းတရား ရွှေထီးနားတော်သွင်း ဧချင်း (လှော်ကားသုံးထောင်မှူး)
5. မင်းတရားမယ်တော် ဧချင်း (နဝေူဒကြီး)
6. နတ်သျှင်မယ်တော် ဧချင်း (ဆီးကိုင်းစား)
7. မဟာဥပရာဇ ဧချင်း (တလုပ်မြို့စား)
8. မင်းရဲကျော်စွာစုန် ဧချင်း (ရာဇဗာဟု)
9. သခင်ကြီး ဧချင်း (ပယ်သူငယ်စား ရှင်မြတ်ခေါင်)
10. ယိုးဒယား မိဖုရား ဧချင်း (နဝဒေးကြီး)
11. မင်းရဲနရာ ဧချင်း (မင်းဇေယရန္ဈမိတ်)
12. မင်းရဲဒိဓ္ဓ ဧချင်း (ရှင်သံခို) တို့ ပါဝင်သည်။
ဦးမေအောင် တည်းဖြတ်သော ဧချင်းဟောင်း ၁၂ စောင်တွဲ ထွက်ပေါ် လာသောအခါ မြန်မာနိုင်ငံ သုတေသန အသင်းဂျာနယ် (JBRS) အတွဲ ၂၊ အပိုင်း ၁ (၁၉၁၂) တွင် ပါမောက္ခ ဒူရွိုင်ဆယ် (Mon. C. Duroiselle) က Old historical ballad (1) အမည်ဖြင့် အကျယ်တဝင့် ရေးသား ချီးကျူးပါသည်။ တည်းဖြတ်သူ ကိုယ်တိုင် နိဒါန်း၊ ရှင်းလင်းချက်များနှင့် စနစ်တကျ ဆောင်ရွက်ခဲ့ရာ နောင်အခါ မြန်မာနိုင်ငံ သုတေသန အသင်းက တည်းဖြတ် ထုတ်ဝေသည့် မြန်မာကျမ်းပေါင်း ၄၆ ကျမ်း၏ ရှေ့ပြေးဟု ဆိုနိုင်ပါသည်။ အထူးသဖြင့် ထိုအချိန်က မြန်မာစာပေ အားပေးမှု အဆင့်အတန်းမှာ များစွာ နိမ့်ကျ မျက်နှာငယ်စရာ ဦးမေအောင် ကဲ့သို့ ဘိလပ်ပြန် ဝတ်လုံတော်ရ တဦးက မြန်မာစာပေကို အလေးမူ ဆောင်ရွက်ခဲ့ခြင်းသည် ဂုဏ်ယူဖွယ်ပင် ဖြစ်သည်။ ဦးမေအောင်သည် ဝိုင်အမ်ဘီအေက ကြီးမှူး ဖွင့်လှစ်သော မြန်မာ ကဗျာလင်္ကာ သင်တန်းများတွင်လည်း ပါဝင် ပို့ချခဲ့ပါသည်။
၁၉၁၃ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ရန်ကုန်မြို့ ပဲခူးခရိုင် ဝန်ရှင်တော်မင်းကြီး ရုံး၌ ဗြိတိသျှ ပဋိညာဉ်ခံ အရာရှိများ ရွေးချယ်ရန် စုံစမ်းသည့် ဆွေးနွေးပွဲ တခု ပြုလုပ်ခဲ့သည်။ ထိုဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သော ဘိလပ်ပြန် ဝတ်လုံတော်ရ ဦးမေအောင်သည် ရိုးရာ ခေါင်းပေါင်းဖြူဖော့လုံး၊ ထိုင်မသိမ်း အင်္ကျီ၊ တောင်ရှည် ပုဆိုးတို့ကို မြန်မာ့ ယဉ်ကျေးမှု အတိုင်း ဝတ်ဆင်ခဲ့ရာ သူရိယ သတင်းစာ အယ်ဒီတာ ဆရာလွန်းသည် အားရဝမ်းသာ ‘ပဋိညာဉ်ခံဘွဲ့ တေးထပ်’ ရေး၍ ချီးကျူးခဲ့သည်။ ယင်းတေးထပ်ကို သူရိယ သတင်းစာ (၁၈ ဖေဖော်ဝါရီ ၁၉၁၃) တွင် ဖော်ပြခဲ့သည်။
“မျိုးမြန်မာ ညှိုးရှာခဲ့ပြီမို့၊ ကိုးရာမဲ့ချိန်တွင်၊
ရိုးရာကွယ့်မတိမ်ချင်တယ်၊ ပဋိညာဉ်ခန့်ပွဲ။ ။
မြင်ရချက် ကိုယ်သဏ္ဌာန်မှာ၊ ဗိုလ်ဆံ ဆံ များကြားသဘဲ။ ။
နန်းစရိုက် ကျမ်းသိုက်နွယ်တယ်၊ လွမ်းလိုက်ဖွယ်တပွဲ။ ။
မန်းဂိုက်နှယ်ဆင်နွှဲလို့၊ သွင်တနဲတင့်အောင်။ ။
ဖော့လုံးဖြူ မြိုင်မြိုင်ထိန်းပါလို့၊ ထိုင်မသိမ်းဝတ်လို့မြင်ယောင်။ ။
မင်းတပါး ဦးမေအောင်မှာ၊ မှူးကေသျှောင် သဒ္ဓါမြို့ပါလို့၊
မြန်မာတို့ ကိုးကြစရာ၊ ဖြိုွးွ့ကသမ္ဘာ၊
သြဘာဆုခွန်းလှစ်ဖြာတယ်၊ သွန်းမေတ္တာလောင်းပါရဲ့လေး။ ။”
ဟူ၍ ဖြစ်သည်။
ဦးမေအောင်၏ ထင်ရှားသော ဥပဒေ စာအုပ်မှာ မြန်မာ ဗုဒ္ဓဘာသာ ဓမ္ဓသတ် ဥပဒေများနှင့် ပတ်သက်သည့် A Selection of Leading Cases on Buddhist Law ဖြစ်သည်။ ယင်းစာအုပ်ကို ၁၉၁၄ တွင် Part I. Matrimonial Law၊ ၁၉၁၆ ခုနှစ်တွင် Part II. Adoption, Pre-emption Gift, and Religious Usage၊ ၁၉၁၉ တွင် Part III. Succession and Inheritance ဟူ၍ ထွက်ပေါ်လာသည်။ ၁၉၂၆ ခုနှစ်တွင် ထုတ်ဝေပြီး ၃ ပိုင်းကို ပေါင်း၍ ဒုတိယအကြိမ် ထပ်မံ ပုံနှိပ်သည်။
ဒုတိယ အကြိမ်မူတွင် တည်းဖြတ်သူ မောင်အေးမောင် M.A., LL.B (Cantab) of Middle Temple, Barrister-at-Law ဖြစ်သည်။ မောင်အေးမောင်မှာ ထက်မြက်သော ဥပဒေ ပညာရှင်
ဖဆပလခေတ် တရားရေး ဝန်ကြီး ဒေါက်တာ အေးမောင် ဖြစ်သည်။ ဦးမေအောင်သည် ဗုဒ္ဓဘာသာ ဓမ္မသတ် ဥပဒေ စာအုပ်ဖြင့် ၁၉၂၂ ခုနှစ်တွင် ကိန်းဘရစ် တက္ကသိုလ်မှ ဥပဒေ မဟာဝိဇ္ဇာဘွဲ့ (L.L.M) ထပ်မံ ချီးမြှင့် ခံရသည်။
ဦးမေအောင်၏ စွယ်စုံ ထက်မြက်သော အရည်အချင်းများကို ထောက်၍ ထိုခေတ် အုပ်ချုပ်သူ ဗြိတိသျှ ပညာတတ် အသိုင်းအဝိုင်း၊ အိုင်စီအက်စ် ဝန်ထမ်းများကပင် မြန်မာ တိုင်းရင်းသာတို့၏ ပင်ကိုဉာဏ် ထူးချွန် ထက်မြက်မှု၊ ယဉ်ကျေးမှု အဆင့်တန်း မြင့်မားမှုတို့ကို ဝန်ခံခဲ့ကြသည်။ ပညာရေး နယ်ပယ်တွင် မြန်မာနိုင်ငံ၏ တခုတည်းသော သက်တမ်းရှည်ကြာ ကျန်ရစ်သည့် မြန်မာနိုင်ငံ သုတေသန အသင်း (၂၉ မတ် ၁၉၁ဝ) ကို တည်ထောင်ခဲ့သူများတွင် တဦး အပါအဝင် ဖြစ်သည်။ အသင်းကြီး၏ တိုးတက်ရာ တိုးတက်ကြောင်းကို အားသွန်ခွန်စိုက် တက်တက်ွ့ကွ့က အမြဲပါဝင် ဆောင်ရွက်ခဲ့သူ တဦး ဖြစ်သည်။ အသင်းကြီး၏ နှစ်ပတ်လည် အစည်းအဝေးများ၊ ဆပ်ကော်မတီ အစည်းအဝေးများတွင် အစဉ်အမြဲ ဆွေးနွေး အကြံပေးသော ပုဂ္ဂိုလ် တဦးလည်း ဖြစ်သည်။ စိတ်ဝင်စားဖွယ် အကြံကောင်း ဉာဏ်ကောင်းများကို ပေး၍ အသင်း လုပ်ငန်းများတွင် စိတ်ရောကိုယ်ပါ နှစ်မြုပ် ထားနိုင်သူ ဟုလည်း သတ်မှတ်ခံရသည်။ အထူးသဖြင့် စကားပြော ကောင်းသူ၊ သွက်လက်သူ၊ စွယ်စုံ ထူးချွန်သူဟု ထင်ရှားသည်။ ကျောက်စာဝန် မစ္စတာ တော်စိန်ခိုသည် မြန်မာနိုင်ငံ ရှေးဟောင်း သုတေသန တွေ့ရှိချက် အထောက်အထားများနှင့် ပတ်သက်၍ တရုတ် ယဉ်ကျေးမှု သြဇာ အလေးပေး တင်ပြတိုင်း ပွင့်ပွင့်လင်းလင်း ကန့်ကွက် ဆွေးနွေးလေ့ ရှိသူ တဦး ဖြစ်သည်။ ထိုကန့်ကွက်ချက်များကို အသင်းမှ ထုတ်ဝေသော မြန်မာနိုင်ငံ သုတေသန အသင်း ဂျာနယ်တွင် တွေ့ရှိနိုင်ပါသည်။ ဦးမေအောင်သည် မြန်မာနိုင်ငံ သုတေသန အသင်းကြီး၏ ဒုတိယ ဥက္ကဋ္ဌ အဖြစ် နှစ်ပေါင်များစွာ ရွေးချယ် ခံခဲ့ရရုံမျှမက ဥက္ကဋ္ဌ၊ ဆပ်ကော်မတီဝင်၊ ဂုဏ်ထူးဆောင် သုတေသန ဂျာနယ် အယ်ဒီတာ တာဝန်များကိုပါ ထမ်းဆောင်ခဲ့သည်။ အသင်းမှ ကြီးမှူး ကျင်းပသော မြန်မာစာပေ ပြိုင်ပွဲများတွင် အကဲဖြတ် လူကြီး၊ ဆုငွေအတွက် အလှူရှင်၊ မြန်မာကျမ်းများ ပုံနှိပ် တည်းဖြတ် ထုတ်ဝေရေး အဖွဲ့ သဘာပတိ တာဝန်များကိုလည်း ဆောင်ရွက်ခဲ့သည်။ အသင်းမှ ထုတ်ဝေသော မြန်မာနိုင်ငံ သုတေသန အသင်း ဂျာနယ်တွင် စာအုပ် ဝေဖန်ချက်၊ စုံစမ်း မေးမြန်းချက် မှတ်စုတို၊ အယ်ဒီတာ့ထံ ပေးစာနှင့် သုတေသန ဆောင်းပါးများ ရေးသာခဲ့ရာ ယင်းတို့မှာ -
1. ‘Inaugural address.’ JBRS. Vol.1, (Jun 1911) P.2-9.
2. . ‘Shwe Zan Aung’s logic in Burmese (Myanmar)’ JBRS. Vol.1, Pt.1 (June 1911) P. 113-117
3. ‘Note on Saya Thein’s Shin Sawbu.’ JBRS. Vol.1, Pt.2 (Dec 1911) P.16-18
4. ‘Critical note on Mr.Taw Sein Ko’s paper on ‘The Chinese antiquities of Pagan.(Bagan).’ JBRS. Vol.1, Pt.2 (Dec 1911) P.43-46.
5. ‘Shwe Nat-Taung Thamaing. ‘JBRS. Vol.1, Pt.2 (Dec 1911) P.56-57.
6. ‘Name of Burmese(Myanmar)Kings.’ JBRS. Vol.1, Pt.1 (June 1911) P.83-84.
7. ‘Garu and Lahu.’ JBRS. Vol.1, Pt.1 (June 1911) P.88-91
8. ‘The chronology of Burma(Myanmar).’ JBRS. Vol.2, Pt1 (June 1912) P.8-29
9. ‘Prome and Pyus’. JBRS. Vol.2, Pt.1 (June 1912) P.72-74
10. ‘Origin of the world”Talaing”.’ JBRS. Vol.2, Pt.1 (June 1912) P. 73-74
11. ‘To the editor,Rangoon (Yangon) Gazette’. JBRS. Vol.2, Pt.1 (June 1912) P. 80-81, 83-84, 86-87
12. ‘Burmese(Myanmar) prosody’. JBRS. Vol.2, Pt.1 (June 1912) P.92-93
13. ‘The Burmese (Myanmar)era.’ JBRS. Vol.2, Pt.2 (Dec 1912) P.197-203
14. ‘Note to the legend of the Kyaukwaing Pagoda.’ JBRS. Vol.2, Pt.2 (Dec 1912) P.217
15. ‘Burmese spelling’. JBRS. Vol.2, Pt.2 (Dec 1912) P. 260-262
16. ‘Archaeology in Burma (Myanmar).’ JBRS. Vol.2, Pt.2 (Dec 1912) P. 267-269.
17. ‘Burmese sketches.’ JBRS. Vol.3, Pt.2 (Dec 1913) P. 191-192.
18. ‘The derivation of Ramanna.’ JBRS. Vol.4, Pt.2 (Dec 1914) P. 148.
19. ‘Note on Saya Thein’s Let-we-thondara.’ JBRS. Vol.6, Pt.2 (Dec 1916) P.9.
20. ‘Some Mon Place-names.’ JBRS. Vol.7, Pt.2 (Dec 1917) P. 143-145.
မြန်မာနိုင်ငံ သုတေသန အသင်း ဂျာနယ်တွင် ဦးမေအောင် ရေးသာခဲ့သော ဝေဖန်ချက်၊ မှတ်ချက်၊ ဆွေးနွေးချက်၊ သုတေသန စာတမ်းများ အနက် မွန်ဒေသ အမည်များ (Some Mon Place- name’s) နှင့် မြန်မာပြည် ရက်စွဲသမိုင်း (Chronology of Burma) တို့မှာ စိတ်ဝင်စားဖွယ် ကောင်းသည်နှင့် အမျှ ပညာရှင်များ၏ နှစ်သက်ခြင်း ခံရသည်။ မွန်ဒေသ အမည် အချို့တွင် အောက်မြန်မာနိုင်ငံရှိ ရန်ကုန်၊ ကမာရွတ်၊ အင်းစိန်၊ မင်္ဂလာဒုံ၊ ကျိုက္ကဆံ၊ သင်္ဃန်းကျွန်း၊ ကော့ချဲ၊ ဓားပိန်၊ ပဲခူး၊ ဇိုင်ဂနိုင်၊ စစ်တောင်း၊ မုတ်ပလင်၊ ကျိုက်ကသာ၊ ကျိုက်ထို၊ သထုံ၊ ဇင်းကျိုက်၊ ပေါင်၊ မုတ္တမ၊ မော်လမြိုင်၊ ထားဝယ်၊ တနင်္သာရီ၊ မှော်ဘီ၊ သာယာဝတီ၊ တာပွန်၊ သံလျှင်၊ ဒလ၊ ခနောင်တို၊ တွံတေး၊ ဒေးဒရဲ၊ ဖျာပုံ၊ ညောင်တုန်း၊ ကျုံပျော်၊ ပုသိမ် ဒေသ အမည် ၃၃ မျိုး၏ မွန်ဝေါဟာရ ရင်းမြစ်များကို တင်ပြထားပါသည်။ မြန်မာပြည်ရက်စွဲ သမိုင်း သုတေသန စာတမ်းကို အင်္ဂလိပ်ဘာသာရေး ရည်ညွှန်းကျမ်း ၁၇ ကျမ်း၊ မြန်မာဘာသာရေး ရာဇဝင် သမိုင်းကျမ်း ၂၅ ကျမ်းကို စနစ်တကျ ကိုးကား၍ ဘီစီ ၈ ရာစုခန့် တကောင်းဒေသတွင် အဘိရာဇာ နန်းစိုက်သည်မှ အေဒီ ၁၇၅၂ ရွှေဘိုတွင် အလောင်းမင်းတရား ကုန်းဘောင်ဆက် စတင်သည် အထိ ရက်စွဲ သက္ကရာဇ်ဖြင့် မြန်မာ့သမိုင်းကို ရေးသားထားသည်။ ကိုးကား ရည်ညွှန်းရာ မြန်မာ ရာဇဝင်ကျမ်း ၂၅ ကျမ်းတွင် ဦးကုလား ရာဇဝင်၊ တွင်းသင်း ရာဇဝင်၊ ရာဇဝင်ကျော်၊ သံလျင်ရာဇဝင်၊ မဟာမုနိသမိုင်း၊ မဟာဇေယျ၏ ရခိုင် ရာဇဝင်၊ ရခိုင် မင်းသမီး ဧချင်း တို့မှာ ပုံနှိပ်မူ မထွက်သေး၍ ပေးမူများကို လေ့လာပြီး ရေးသားခဲ့ခြင်း ဖြစ်သည်။ ထိုကြောင့် ဦးမေအောင် ရုတ်တရက် ကွယ်လွန်ချန်တွင် ပါဠိ ပါမောက္ခ ဦးဖေတင်မောင်က သုတေသန ဂျာနယ်တွင် ဝမ်းနည်း မှတ်တမ်း ရေးသောအခါ “ဦးမေအောင်သည် သုတေသန နယ်ပယ်တွင် ဇောက်ချခဲ့လျှင် ပထမတန်းစား သုတေသန ပညာရှင် အဖြစ် တွေ့နိုင်ကြောင်း” The Chronology of Burma (Myanmar) စာတမ်းကို ထောက်၍ မှတ်ချက် ချခဲ့ပါသည်။
ဦးမေအောင်၏ အခြား ထင်ရှားသော ယဉ်ကျေးမှု စာတမ်းမှာ ၁၉၁ဝ ခုနှစ် လန်ဒန်မြို့ လွိုက်ကရိတ်တာ ဗြိတိန် ပုံနှိပ်တိုက်မှ ထုတ်ဝေသည့် Twentieth Century Impression of Burma (Myanmar) ၂ဝ ရာစု မြန်မာ့ ပုံရိပ်တွင် မြန်မာ့ ယဉ်ကျေးမှု ဓလေ့ဆိုင်ရာ ‘Burmese (Myanmar) Manners and Customes’ စာတမ်း ဖြစ်သည်။
ဦးမေအောင်ကို ၁၈၈ဝ ပြည့်နှစ်၊ ဇန်နဝါရီ ၆ ရက်နေ့တွင် စစ်တွေမြို့၌ အဖ ဦးသာဒိုးဖြူး၊ အမိ ဒေါ်နှောင်းဒွေးတို့မှ ဖွားသည်။ မွေးချင်း ၄ ယောက်တွင် ဒုတိယမြောက် သားဖြစ်သည်။ ငယ်စဉ်ကပင် မိဘများ ကွယ်လွန်၍ အမေ့ဘက်မှ ဦးကြီး ဖြစ်သူ ဦးလှအောင်၊ ဒေါ်မြမေတို့က အိန္ဒိယသို့ ခေါ်ယူ၍ ကာလကတ္တားတွင် ပညာ သင်ခဲ့ရသည်။ ဦးလှအောင်မှာ မြန်မာ တိုင်းရင်းသားများ ထဲမှ တဦးတည်းသော မဒရပ် ငွေတိုက် မင်းကြီး အဖြစ် အမှု ထမ်းရွက်ခဲ့ရ၍ ငွေစာရင်း မင်းကြီး ဦးလှအောင် အဖြစ် ထင်ရှားသည်။ ဒေါ်မြမေမှာ စစ်ကဲ ဦးထော်လေး၏ သမီးဖြစ်၍ မင်းကြီးကတော် ဒေါ်မြမေဟု လူသိများသည်။ ဦးမေအောင်မှာ စစ်ကဲ ဦးထော်လေး၏ ဒုတိယ အိမ်ထောင်မှ မွေးဖွားသည့် သမီး ဒေါ်မြမေ၏ ခင်ပွန်း ငွေတိုက်မင်းကြီး ဦးလှအောင်၏ တူဖြစ်သည်။ ဦးမေအောင်သည် ကာလကတ္တားနှင့် ရန်ကုန် အစိုးရ အထက်တန်း ကျောင်းတွင် ပညာသင်၍ တက္ကသိုလ်ဝင်တန်း စာမေးပွဲ၌ မြန်မာစာနှင့် အင်္ဂလိပ်စာ ပထမရ သဖြင့် ရနောင်း ဘုရင်ခံဆု ချီးမြှင့်ခံရသည်။ ရန်ကုန် ကောလိပ် အက်ဖ်အေ (ဥပစာတန်း) တွင် ပထမရ၍ ဂျားဒင်းဆု ထပ်မံ ရရှိသည်။ ၁၈၉၈ ခုနှစ်၊ ဘီအေ နောက်ဆုံးတန်းတွင် ပညာ သင်နေစဉ် ကျန်းမာရေး ချို့ယွင်း၍ ကျောင်းမှ ထွက်ခဲ့ရသည်။ ၁၉ဝ၂ ခုနှစ်တွင် ဒုတိယတန်း ရှေ့နေ စာမေးပွဲ အောင်မြင်ခဲ့သည်။
၁၈၉၉ ခုနှစ်တွင် မော်လမြိုင်မြို့ ရမ္မာပူရ စာပုံနှိပ်တိုက် ဦးထွန်းဖြူ၊ ဒေါ်မေတို့၏ သမီး မသိန်းမြနှင့် လက်ထပ်ခဲ့သည်။ ဒေါ်မေမှာ အခွန်ဝန် ဦးအုန်းရွှေ၊ ဒေါ်မျှား၏ သမီး ဖြစ်သည်။ ဒေါ်မျှားမှာ စစ်ကဲကြီး ဦးထော်လေးနှင့် ပထမ အိမ်ထောင်ဆက် ဒေါ်မင်းလူတို့မှ ဖွားမြင်ရာ ဒေါ်သိန်းမြမှာ စစ်ကဲကြီး ဦးထော်လေး၏ မြစ်ဖြစ်သည်။
ဦးမေအောင်သည် မြိတ်မြို့ အထက်တန်းကျောင်း အထက်တန်းပြ၊ မော်လမြိုင်မြို့ ရှင်မဗုဒ္ဓဃောသ အထက်တန်း ကျောင်းအုပ်၊ ၁၉ဝဝ ပြည့်နှစ်တွင် ရန်ကုန် မော်တင်လမ်း ဦးရွှေအိုးရေခဲစက်နှင့် သစ်ဝါးရောင်းဝယ်ရေး မန်နေဂျာအဖြစ် ဆောင်ရွက်သည်။ ၁၉ဝ၂ ခုနှစ်တွင် ဒုတိယတန်း ရှေ့နေ စာမေးပွဲ အောင်မြင်ပြီးနောက် ညီအစ်ကိုဝမ်းကွဲ တော်စပ်သူ ဦးဘလှအောင် (ငွေစာရင်း မင်းကြီး ဦးလှအောင်၊ မင်းကြီးကတော် ဒေါ်မြမေတို့၏ တဦးတည်းသောသား) နှင့်အတူ ‘အောင်နှင့် အောင်’ အမည်ဖြင့် ရှေ့နေလုပ်ငန်းကို လုပ်ကိုင်သည်။
၁၉ဝ၄ ခုနှစ်တွင် ဦးဘလှအောင်နှင့် အတူ အင်္ဂလန်သို့ ဥပဒေ ပညာသင် ထွက်ခွာခဲ့သည်။ ၁၉ဝ၄ မှ ၁၉ဝ၇ ခုနှစ် အတွင်း အင်္ဂလန်နိုင်ငံ ကိန်းဘရစ် တက္ကသိုလ်မှ ဥပဒေဘွဲ့ (LL.B)၊ မဟာဝိဇ္ဇာဘွဲ့ (M.A) နှင့် လင်ကွန်းအင်း ဥပဒေ ကျောင်းမှ ဘာရစ်စတာ အက်ထ်လော (Barrister-at-Law) ဝတ်လုံဘွဲ့များကို ထူးချွန်စွာ ရရှိခဲ့၍ မြန်မာနိုင်ငံ ပညာရေး ဆင်ဒီကိတ် အဖွဲ့၏ ဘက်စုံ ပညာ ထူးချွန်ဆု ဘီဂန်ဒက် ရွှေတံဆိပ် ချီးမြှင့်ခံရသည်။
၁၉ဝ၈ မှ ၁၉၂ဝ အတွင်း ဘိလပ်ပြန် ဝတ်လုံတော်ရ အဖြစ် အသက်မွေး ဝမ်းကျောင်းပြု၍ ဝိုင်အမ်ဘီအေ (YMBA) ခေါ် ဗုဒ္ဓဘာသာ ကလျာဏယုဝ အသင်းကြီးတွင် ပါဝင် ဆောင်ရွက်ခဲ့သည်။ ဘိလပ်ပြန် ဝတ်လုံတော်ရ ဦးပု (နန်းရင်းဝန် ဦးပု)၊ ပညာဝန် ဦးမုန်း၊ အငြိမ်းစားဝန်ထောက် ဦးဖေတို့နှင့် အတူ ဝိုင်အမ်ဘီအေ အသင်းများ ဖွဲ့စည်း တည်ထောင်ရေး အတွက် နယ်များသို့ ဆင်း၍ တရားဟောရာ ဝိုင်အမ်ဘီအေ အသင်းကြီး၏ ရှေ့တန်း ဦးဆောင်သူ တဦး ဖြစ်လာသည်။ ၁၉၁၁့ ခုနှစ် ရန်ကုန်မြို့တွင် ကျင်းပသော အရပ်ရပ် ဝိုင်အမ်ဘီအေအသင်းများ အစည်းအဝေးကြီးတွင် ချယ်ရာမင် (သဘာပတိ) အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၁၆ ခုနှစ် ဟင်္သတမြို့တွင် ကျင်းပသော စတုတ္ထ အကြိမ် ညီလာခံတွင် အစည်းအဝေး သဘာပတိ အဖြစ် ဆောင်ရွက်သည်။ ၁၉၁၇ ခုနှစ်၊ နိုဝင်ဘာလတွင် ဦးဖေ၊ ဦးဘဘေ၊ ဝတ်လုံတော်ရ ဦးစု (မန္ဈလေး) တို့နှင့်အတူ အိန္ဒိယနိုင်ငံ ကာလကတ္တားသို့ သွားရောက်၍ အိန္ဒိယနိုင်ငံ ဆိုင်ရာ အတွင်းဝန် မွန်တေဂူကို တွေ့ဆုံပြီး ကိုယ်ပိုင် အုပ်ချုပ်ရေးကို တင်ပြခဲ့သည်။
ဝိုင်အမ်ဘီအေ အသင်းကြီးသည် မူလ ရည်မှန်းချက် ဖြစ်သော အမျိုး ဘာသာ သာသနာ ကိစ္စများတွင် သာမက နိုင်ငံရေး ကိစ္စများကို ဝင်ရောက် ဆောင်ရွက်လာရာ နိုင်ငံရေး မဆောင်ရွက်လိုသူ လူကြီး အဖွဲ့နှင့် နိုင်ငံရေးကို ဆက်လက် ဆောင်ရွက်လိုသူ လူငယ် အဖွဲ့ ကွဲပြားလာသည်။ လူကြီး အဖွဲ့ကို ‘တူ သာ သင်း’ (ဦးဘတူ၊ ဦးဖိုးသာ၊ ဦးသင်း) တို့က ဦးဆောင်ခဲ့ရာ ဦးမေအောင်သည် လူကြီး အဖွဲ့ဘက်သို့ ပါဝင်ခဲ့ရာမှ ၁၉၂ဝ ခုနှစ်တွင် အစိုးရ လက်ထောက် ရှေ့နေ၊ ဥပဒေ သုံးသပ်ရေး အရာရှိ၊ ဥပဒေအဖွဲ့ အတွင်းရေးမှူး၊ အစိုးရ ရှေ့နေ၊ ရန်ကုန် တက္ကသိုလ် ဥပဒေဌာန အချိန်ပိုင်း ပါမောက္ခ၊ ၁၉၂၂ ခုနှစ်တွင် တရားလွှတ်တော် တရားဝန်ကြီး၊ ၁၉၂၄ တွင်ပြည်ထဲရေး ဝန်ကြီးချုပ် အဖြစ် ဗြိတိသျှ အစိုးရ၏ သူကောင်းပြုခြင်း ခံရသည်။ ပြည်ထဲရေး ဝန်ကြီးချုပ် အဖြစ် တာဝန် ထမ်းဆောင်နေစဉ် ၁၉၂၆ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် ပြင်ဦးလွင်မြို့၌ ရုတ်တရက် ကွယ်လွန်ခဲ့သည်။
ဦးမေအောင်တွင် သားသမီး ၃ ဦး ထွန်းကား၍ သားကြီး သတိုးအောင်မှာ ရန်ကုန် တက္ကသိုလ် ဘီအေ နောက်ဆုံးနှစ်တွင် ပညာ သင်ကြားနေစဉ် ကွယ်လွန်ခဲ့သည်။ သတိုးအောင်မှာ ပညာထူးချွန်၍ တက္ကသိုလ်ဝင်တန်း အောင်စဉ်က ဖခင် ဦးမေအောင် ကဲ့သို့ ရနောင်း ဘုရင်ခံဆု ရရှိခဲ့သည်။ သားငယ် ထွန်းလှအောင်မှာ ကိုလိုနီခေတ် အုပ်ချုပ်ရေး လောကတွင် ထင်ရှား၍ လွတ်လပ်ရေး ခေတ်ဦးတွင် ရဲမင်းကြီး ဦးထွန်းလှအောင် ဖြစ်သည်။ သမီးငယ် မမြစိန်မှာ မြန်မာ အမျိုးသမီးများ ထဲမှ ပထမဦးဆုံး အမ်အေ (သုတေသန အထူးပြု) ဘွဲ့၊ အောက်စဖို့ဒ် တက္ကသိုလ်မှ ဘီလစ်ဘွဲ့များ ရခဲ့သော သမိုင်း ပညာရှင် တဦး ဖြစ်သည်။ ဥပစာတန်းတွင် ပထမရ၍ ဖခင်ကဲ့သို့ ဂျားဒင်းဆု ချီးမြှင့်ခြင်း ခံရသည်။
ဦးမေအောင်သည် မြန်မာနိုင်ငံ ပညာရေး ဆင်ဒိကိတ် အဖွဲ့ဝင်၊ ရန်ကုန် တက္ကသိုလ် ကောင်စီဝင်၊ တက္ကသိုလ် အုပ်ချုပ်ရေး အဖွဲ့ဝင် တဦး ဖြစ်၍ ကရက်ဒေါက် စီမံကိန်းတွင် ပါဝင်ခဲ့ရရာ အချို့ ပုဂ္ဂိုလ်များ၏ အထင်မှား အမြင်မှား ခံခဲ့ရပါသည်။ ထို့ကြောင့် ပြည်ထဲရေး ဝန်ကြီးချုပ် ဦးမေအောင် ကွယ်လွန်သည့် အခါ ဒီးဒုတ်ဂျာနယ်၊ ဒုတိယတွဲ နံပါတ် ၂ (၁၂ ဇွန် ၁၉၂၆ ) တွင် ဒီးဒုတ် ဂျာနယ် တည်းဖြတ်သူ ဒီးဒုတ် ဦးဘချိုက အောက်ပါအတိုင်း မှတ်ချက် ချခဲ့ပါသည်။
အထူးဝမ်းနည်းဖွယ်
ပြည်ထဲရေး ဌာန ဝန်ကြီးချုပ် ဦးမေအောင်သည် ဇွန်လ ၅ ရက်၊ စနေနေ့ ည ၈ နာရီ ၃၅ မိနစ်တွင်၊ မေမြို့ (ပြင်ဦးလွင်) ရှိ နေအိမ်၌ အနိစ္စရောက်ကြောင်း ကြားသိရသော ကျွန်ုပ်တို့မှာ။ အထူးဝမ်းနည်း နှစ်မြောမိသည် ဖြစ်ရာ။ ထိုသတင်းကို ကြားသိရသော တိုင်းရင်းသား မှန်သမျှတို့မှာ။ ကျွနိုပ်တို့ ကဲ့သို့ပင် ဝမ်းနည်းလိမ့်မည်ဟု မျှော်လင့်ပေကြောင်း။ သွားလေသူ ဦးမေအောင်မှာ။ အင်္ဂလိပ်ဘာသာ၌ သာလျှင် အထူး ပေါက်မြောက် ချီးမွမ်းလောက်သော ပဂ္ဂိုလ် မဟုတ်သေး။ မြန်မာဘာသာ - ပေါရာဏနှင့် ဝေါဟာရ စာဟောင်း စာမျဉ်း တို့ကိုလည်း။ အထူးလိုလား လိုက်စားသော ပုဂ္ဂိုလ်ကြီးဖြစ်သည့် အားလျော်စွာ။ ယခု နာမည် ထင်ရှားလျက် ရှိသော ပရိုဖက်ဆာ ဆရာလွန်း ထံ၌ တပည့် ခံခဲ့ဖူး၍။ ရှေးဧချင်းဟောင်း ၁၂ စောင်တွဲ စာအုပ် တအုပ်ကို ကိုယ်တိုင် တည်းဖြတ်၍ပင် ရိုက်နှိပ် ဖြန့်ချိ ခဲ့ဘူးလေသည်။ ဤကဲ့သို့ စွယ်စုံပညာဂုဏ် အရည်အချင်းဖြင့် ပြည့်စုံသဖြင့်။ မြန်မာပြည် တိုင်းရင်းသားတို့ ရရှိနိုင်သော ရာထူးများ အနက်။ အကြီးဆုံး ဖြစ်သော ပြည်ထဲရေး အမတ်ကြီး ရာထူးဖြင့်။ အစိုးရတို့၏ ချီးကြူး ခန့်အပ်ခြင်းကို ခံခဲ့ရသည် ဖြစ်ရာ။ အဆိုပါ ပုဂ္ဂိုလ်ကြီး၊ ထင်ရှား ရှိနေခြင်းသည်။ မြန်မာပြည်ကြီး၏ ကြက်သရေပင် ဖြစ်ရကာ။ ယခုကဲ့သို့။ သက်တန်း မစေ့မှီ။ ကွယ်လွန် အနိစ္စ ရောက်ရခြင်းအတွက်။ သာ၍ပင် ဝမ်းနည်းဘွယ် ဖြစ်ချေသည်။ အထင်မမှားအပ်ပေ
ဦးမေအောင် - ပြည်ထဲရေး ဝန်ကြီးချုပ် ရထူးကို ထမ်းရွက် နေခိုက်၌၊ တိုင်းသူ ပြည်သားတို့နှင့် တဘက်တလမ်း ပြုလုပ်သည်ဟု
အချို့သော သတင်းစာများ၌ စွပ်စွဲချက် အရ။ သွားလေသူ ဦးမေအောင် အပေါ်၌ အထင် မမှားအပ်ပေ။ ဦးမေအောင်သည်။ အစိုးရ အမှုထမ်း အဖြစ်သို့ မရောက်မှီ။ ဝိုင်အမ်ဘီအေ အသင်း၌။ ဥက္ကဋ္ဌ အဖြစ်ဖြင့်ပင် အတော်ကြာ ဆောင်ရွက် ခဲ့သည့်ပြင်။ ဝတ်လုံ အတတ်ကို။ အင်္ဂလန်ပြည်သို့ သွားရောက် သင်ကြားပြီးနောက်။ မြန်မာပြည်သို့ ပြန်၍ ရောက်ရှိသော ဝတ်လုံများ အနက်။ မိမိတို့ မျိုးရိုးဇာတိ အဝတ်အစားကို မပြောင်းလဲဘဲ။ အမြဲဝတ်ဆင်လေ့ ရှိသူမှာ။ ဦးမေအောင်ပင် ဖြစ်ရကာ။ ဤကဲ့သို့ မျိုးရိုး ဇာတိကို ရိုသေသော ပညာရှိ တယောက်သည်။ မိမိ အလိုအလျောက်အားဖြင့်။ တိုင်းသူပြည်သားတို့ ဆန့်ကျင်၍။ တိုင်းပြည် ပျက်စီးအောင် ပြုလိမ့်မည်ဟု မမျှော်လင့်အပ်ပေ။ မိမိထမ်းရသော ရာထူး၏ အခွင့် ရှိသလောက်သာလျှင် ဆောင်ရွက်နိုင်သည် ဖြစ်ရာ၊ ဦးမေအောင်၏ စီမံခန့်ခွဲခြင်းတို့သည်။ တိုင်းသူ ပြည်သားတို့၏ အလိုနှင့် ဆန့်ကျင်ခဲ့သော။ အုပ်ချုပ်ခြင်း စည်းစနစ် ဖြစ်သော ဒိုင်အာကီကို သာလျှင် အပြစ်တင် ထိုက်ပေသည်။ (မူရင်းသတ်ပုံ အတိုင်း ဖော်ပြပါသည်။)

ရခိုင်သမိုင်းအတွက် တန်ဖိုးမဖြတ်နိုင်သော မေဓပညာမော်ကွန်းလင်္ကာ

ရခိုင်သမိုင်းအတွက် တန်ဖိုးမဖြတ်နိုင်သော မေဓပညာမော်ကွန်းလင်္ကာ
မေဓပညာဆိုသည်မှာ AD (7) ရာစု ဝေသာလီကျောက်လှေကားခေတ်တွင် ထင်ရှားသော ပညာ ရှိအမတ်ကြီးတစ်ဦးဖြစ်သည်၊ ရခိုင်တို့၏ ပထမဆုံး(သို့) မဇ္ဈိမဒေသ၏ စတုတ္ထအကြိမ် ပါဠိဘာသာဖြင့် သင်္ဂါယနာ တင်ခြင်းကို မှတ်တမ်းတင်ရေးသား သီကုံးသူဖြစ်သည်။ တစ်ချိန်တည်းတွင် သင်္ဂါယနာ တင် မင်းက သက္ကရာဇ်ဖြိုခြင်း ကိုလည်း လင်္ကာဖြင့် မှတ်တမ်းတင်ဖေါ်ပြခဲ့သူဖြစ်သည်။
မေဓပညာမော်ကွန်းလင်္ကာ
ကမ္ဘာစဉ်လာ ၊ ဓမ္မာတာဖြင့် ၀ိဒွါသမုတ်၁ ၊ စတုယုဂ်ကိန်း၂ ၊ လေးသိန်းနှစ်သောင်း၊ နှစ်ထောင် ဆောင်းအယ့်။ နှစ်ပေါင်းကိုချုပ်၊ ကလိယုဂ်တည့်၃ ။ ထိုယုဂ်နှစ်ပြန်၊ ဒွါပရန်၎ ဟု၊သုံးပြန်တြေတာ၅၊ လေးဖြာကတ၆၊ ပေါင်းကြလေးထပ်၊ ရွှီးအပ်သိမှု ၊ အအဥအီ၊ ရာဂီဘြု၇ ၊ ဂဏန်းစုဖြစ်၊ ထိုနှစ် အ ပေါင်း ခေါက်ပြောင်းပြန်လှန်၊ကပ်ဆုံးလွန်အောင် လူ့ ဘောင့်ပွားဆုတ်၊ လေးပါးယုဂ်တွင်၊ အယင် ကတ၊ ဓမ္မသစ္စာ၊ ပြည့်လာဥဿုံ၈၊ကောင်းကိန်းကြုံအယ့်။ သုံးပုံတြေတာ ၊ ယုတ်မာတခု၊ ကောင်းမှု သုံးဖြာ၊ ဒွါပရာစက်၊တ၀က်ကောင်းဆိုး၊ တစ်မျိုးကလိ၊ အသိဧက၊ သုံးဝချွတ်ယွင်း၊ တရားကင်း အယ့် ။ ယင်းကလိသက်၊ထိုနှစ်ထပ်မှာ ဂိက္ခာဂိက္ခ၉ ၊ ဂဏန်းကျခါ၊
ရာသက်ကာလ၊ ဟာယန၁၀မှီ၊ သာကီသကျ၊ ဂေါတမဟု၊ လောကလူ့ ရွာ၊ ဖြစ်ပွင့်လာရွယ့်၊ ဒေ၀ါမနု ၁၁၊ ကျွတ်မှုဟောကြား၊ လေး ဆယ့်ငါးဝါ၊ ပြည့်ရေခါကား ၊ သြဆာဂါရ၁၂၊ သာခပုဏ္ဏမီ ၁၃၊ ငြိမ်းလီနိဗ္ဗာန်၊ ထားပြန်သာသနာ၊ ဂေါ စာဖြိုရှု၊ ဓါတုဋီကာ၁၄၊ ရောက်ခါပေါင်းကြ၊ န၀တြိ၊ သတ္တဂီ၁၅၊ ဂေါတမပူရမ်၊ ကျမ်းညွှန်အလာ၊ ရက္ခ ပူရ၊ဓညသခင်၊ ဘုရင်ရာဇာ၊ ရာလမာယု၊ မင်းဟုသမိုက်၊ ဘိသိက်ကြိက်ခါ၊ ဂေါစာဘိန္န ၁၆၊ သဓက ကျမ်း၊ ကိန်းခန်းအရ၊မိဘစံဇီ ၁၇၊ဖြိုလီကြွင်းနှစ်၊ သကြစ်မဟာ၊ တရာသုံးခု၊ ပွင့်မူတွိကြုံ၊ ကဆုန် ပုဏ္ဏ ၊ဂေါတမဟု၊ ဗုဒ္ဓတံထွာ၊ ဖြစ်လာဟောကြား၊ လေးဆယ်ငါးဝါ၊ ရောက်တေခါကား၊ ရာလေး ဆယ့်ယှစ်၊ ပြည့်ခိုက်ကဆုန်၊ နိကြုံအင်္ဂါ၊ နိဗ္ဗူတာသို့ ၊ မှန်စွာရောက်ဟိ၊ ခတ္တိငါးဆက်၁၈၊ မပျက်စဉ် လာ၊ စန္ဒသူရိယ၊ဇီဝက၁၉ ကိန်း၊ ဖြိုသိမ်းပြီးမှ တစ်ကလိုက်၊ သကြစ်လာ၊ သာသနာနှင့် စဉ်လိုက် မပျက်၊ ဆယ့်ခြောက်ဆယ်ခါ၊ သူရိယာစိတြ၊ ဓနဉ္စ ၂၀ ကိန်း၊ မယိမ်းဖြိုလေ၊ သုံးဆယ်နှစ်ဆက်၊ မပျက်ရောက်ဘိ၊ သိရိစန္ဒြ ၊ ဥတ္တမ၂၁ကိန်း၊ ဖြိုသိမ်းပေါင်းပြု၊ ဓါတုဋီကာ၊ ဂေါစာဂလော၊ ရောက် ကေမှန်စွာ၊ သာသနာနှစ်၊ အတိတ်ဖြစ်ခါ။ ထိုနှစ်မှာပင် စိတြာပုဏ္ဏိ ၊ပဋိပါဒ ၂၂၊ ဆုတ်စတရက်၊ ယင်းနိလက်တွင်၊ မြသွင်မှိုင်းအိ၊ တန်ခိုးဟိသည်၊ ဘုမ္မိရွှီဆောင်၊ ဗွီထက်ခေါင်ကို ညီအောင်ပြုကာ၊ ၀ိဟာတမျက်၂၃၊ လေးဘက်အညီ၊ ငါးဆောင်စီဖြစ်၊ တကျောင်းနှိုက်ဝယ်၊ ငါးဆယ်သံဃာ၊ တမျက် နှာဟု၊ နှစ်ရာ့ငါးဆယ်၊ လေးသွယ်ရဟန်း၊သီဟိုဠ်ကျွန်းက ဓူရနှစ်ဖြာ၊ ငါးရာစီမျှ၊ ရို့ပြည်မမှ၊ ဓူရ တထောင်၊ ပင့်ဆောင်ကျွေးမွေး၊ လှူပွဲကျင်းပ ၊ လက်က ထူးဆန်း၊ နတ်နန်းတမျှ၊ တူစွရွှီကျောင်း၊ အပေါင်းများစွာ၊ သံဃာနှစ်ထောင်၊ ပင့်ဆောင်ပြီးမှ စူလရေ၀၊ နာယကကား၊ ဓမ္မသဘင်၊ သင်္ဂါ ယနာ၊ တင်ရာအစ၊ ပဉ္စ၀ိနယာ ၂၄၊ ၊ နှစ်ရာ့ငါးဆယ်၊ သုတ္တံကျယ်တိ၊ နာဝိဧကာ ၂၅၊ ကိုးရာဆယ်တိ၊ အဘိဓမ္မာ၊ ကျမ်းလာသတ္တ၊ ယှစ်ရာ့လေးဆယ်၊ဗုဒ္ဓ ဟောတိ၊ ပါဋိနယ၊ တာမြပတ္တာ၂၆ ၊ ကြီးဝါ ချပ် ပြား၊ နှစ်ထောင်အားဖြင့် ရွှီးထားသေချာ၊ တနှစ်ကြာအယ့်။
တဖြာဖွင့်ပြ၊ အဌကထာ၊ ၀ိနယာမှာ၊ ခုနှစ်ရာငါးဆယ်၊ သုတ်ဝယ်အလာ၊ ထောင့်ငါးရာတည့်၊ အဘိဓမ္မာ၊ ခြောက်ရာကိုးဆယ်၊ ဓိပ္ပါယ်ပေါင်းစုံ အကုန်ဖော်ဟိ၊၀ိသုဒ္ဓိမဂ်၊ သျှင်ပျက်မရာ၊ လိဇ္ဇိာ မှာနှိုက်၊ ချပ်ဖြစ်လေးဆယ်၊ ဒါယေ၀ိနိစ္ဆယ၊ကင်္ခ၀ိတရဏီ ၂၇၊ ချပ်ရွှီလေးဆယ်၊ နိကာယ်ငါးဝ၊ အဌကထာ၊ နှစ်နှစ်ကြာပြု၊ ပ-ဒု-တ-မှီ၊ စတုတ္ထီကျ၊မဟိံသဟူ၊ မည်ရသမိုင်း၊ ရက္ခိုင်တိုင်းသို့  စိယ်ခိုင်းလီဘိ၊ မောဂ္ဂလိပုတ္တ၊ တိဿထေရ်လျှင်၊ သိခင်ရေ၀၊ ထေရ်ငါးဖြာ၊ ရဟန္တာရို့ ၊ ကြွလာ ထိုခါ၊ သူရိယာစက္က၊ ရို့ရာဇအား ဟောကြားဒေသနာ၊ ဒေ၀ါဓူတ ၂၈၊ သုတ္တံအဆုံး၊ လေးသောင်း လုံးမှာ ဓမ္မာစက္ခု၊ ရမှုဟိကြောင်း၊ လေးသောင်းရဟန်း၊ ကျွတ်တန်းဝင်ကြ၊ ထိုကစရွယ့်၊ သာသ နာ့ဝန်ထမ်း၊ ရဟန်းသံဃာ၊ စဉ်လာပွားထ၊ သီဟဠနယ့်၊ ၀ါဒတူဘိ၊ ဂုဏသိ င်္ဂီမှာ ပတ္တာပဉ္စမီ ၂၉၊ ကြီးရွှီချပ်ပြား၊ ငါးထောင်အားဖြင့်၊ ရွှီးထားသေချာ၊ သုံးနှစ်ကြာလျှင်၊ အောင်မြင်ပြီးစီး၊ သီရိစန္ဒြား၊ ရို့မင်းဖျားကား၊ ရုပ်ပွားပုထိုး၊ စေတီမျိုးနယ်၊ နောက်တိုးကန်တူး၊ ကောင်းမှုဖြာဖြာ၊ ပြည်ရွာခွန် ဘဏ်၊ ယွှပြန်တ၀က်၊ ရန်မျက်ကင်းငြိမ်း၊ မယိမ်းမယုတ်၊ ကြိုးကုပ်ဒါန၊ သီလတဖြာ၊ ဘာဝနာ တရပ်၊ ၀ိပဿနာ၊ များစွာအားထုတ်၊ လောကုတ်သဘင်၊ မဂ်ပွဲဆင်သည်၊ ဖိုလ်ဝင်နိဗ္ဗာန် ရောက် ကြောင်းတည်း။
( -- 00 ) နံပါတ်တပ်ထားသော စကားလုံးအဓိပ္ပါယ်များ
(၁) ၀ိဒွါသမုတ် - ပညာရှိသမုတ်သော
(၂) စတုယုဂ် - ယုဂ်လေးပါး
(၃) ကလိယုဂ် - ဆုတ်ယုတ်သောယုဂ်
(၄) ဒွါပရန် - ဒွါပရယုဂ်
(၅) တြေတာ - တြေတရာယုဂ်
(၆) ကတ - တတယုဂ်
(၇) အအဥအ၊ ရာဂီဘြု - ၄၃၂၀၀၀၀ ပိဋကတ်သချာင်္နည်း
(၈) ပြည့်လာဥဿုံ - အားလုံးပြည့်စုံသည်။
(၉) ဂိက္ခာဂိက္ခ - ၂၅၂၅ ကလိယုဂ်နှစ်- ပိဋကတ်သချာင်္နည်း
(၁၀) ယာယန - အသက်တစ်ရာတန်းကပ်
(၁၁) ဒေ၀ါမနု - နတ်-လူ
(၁၂) သြဆာဂါရ - ၂၅၇၀- ပိဋကတ်သချာင်္နည်း
(၁၃) သာခပုဏ္ဏမီ - ကဆုန်လပြည့်နေ့ 
(၁၄) ဓာတုဋိကာ - ၁၁၆၉- ပိဋကတ်သချာင်္နည်း
(၁၅) န၀တြိသတ္တဂိ - ၃၇၃၉-ကလိယုဂ်ခေတ်
(၁၆) ဂေါစာဘိန္န - သက္ကရာဇ်ဖြိုခြင်း
(၁၇) မိဘစံဇီ - ၈၆၄၅- ပိဋကတ်သချာင်္နည်း
(၁၈) ခတ္တိငါးဆက် - ခတ္တိယအနွယ်မင်း ၅-ဆက်
(၁၉) ဇီဝက - ၁၄၈- ပိဋကတ်သချာင်္နည်း
(၂၀) ဓနဉ္စ - ၆၀၉- ပိဋကတ်သချာင်္နည်း
(၂၁)ဥတ္တမ - ၅၆၀ - ပိဋကတ်သချာင်္နည်း
(၂၂) စိတြာပုဏ္ဏိ၊ ပဋိပါဒ - တန်ခူးလဆုတ်-၁ရက်
(၂၃) ၀ိဟာတမျက် - တစ်မျက်နှာ၌ ကျောင်းဆောင်
(၂၄) ပဉ္စ၀ိနယာ - ၀ိနည်းငါးကျမ်း
(၂၅)နာဝဧကာ - ကိုးရာတစ်ဆယ်
(၂၆) တာမြပတ္တာ - ကြေးကိုခတ်ထားသည့်အပြား
(၂၇)ဒါယေ၀ိနစ္ဆယ၊ ကင်္ခ၀ိတရဏီ - ၀ိနစ္ဆယ နှင့် ကင်္ခ၀ိတရဏီကျမ်းပေါင်း
(၂၈) ဒေ၀ါဓူတ - ဒေ၀ဓူတသုတ္တံဒေသနာတော်
(၂၉) ပတ္တာပဉ္စမီ - ငါးထောင်ကြေးပြားချပ်ရေ
ပြုစုသူ (ဦးရွှေဇံ)




မြတ်ဗုဒ္ဓသာသနာ၏ သင်္ဂါယနာများ ပထမသင်္ဂါယနာ


မြတ်ဗုဒ္ဓသာသနာ၏ သင်္ဂါယနာများပထမသင်္ဂါယနာ
×××××××××××××××××××××××××××××××××××
ပထမ သင်္ဂါယနာ တင်သည့် ခုနှစ် - သာသနာနှစ်-ဘုရားပရိနိဗ္ဗာန်ပြုပြီး (၃)လ နှင့် (၄)ရက်
မဟာသက္ကရာဇ် ၁၄၈ ခုနှစ် (၅၄၄ဘီစီ)
ပထမ သင်္ဂါယနာ တင်သည့်နေရာ - မာဂဓတိုင်း ရာဇဂြိုလ်ပြည် ဝေဘာရတောင် သတ္တပဏ္ဏိလိုဏ်ဂူ
အကြီးအမှူးပြုသည့် ဦးဆောင်သံဃာ
အရှင်မဟာကဿပမထေရ် ဦးဆောင်သော အရှင်ဥပါလိ(၀ိနည်း)နှင့် ညီတော်အာနန္ဒာ (သုတ္တန်နှင့် အဘိဓမ္မာ)
ပထမ သင်္ဂါယနာ တင့်ခဲ့ကြသည့် သံဃာဦးရေ - ရဟန္တာပေါင်း (၅၀၀)
ဥပသကာ အထောက်အပံ့ပြုသည့် ဘုရင်မင်း - အဇာတသတ်မင်း
ပထမ သင်္ဂါယနာ တင်ရာတွင် ကြာမြင့်ချိန် (၇) လ
ပထမ သင်္ဂါယနာ တင်သည့်ဘာသာ - ပါဠိဘာသာ
ပထမ သင်္ဂါယနာ တင်သည့်အက္ခရာ - နှုတ်ထက်အက္ခရာ
ဒုတိယ သင်္ဂါယနာ
xxxxxxxxxxx
ဒုတိယ သင်္ဂါယနာ တင်သည့် ခုနှစ် - သာသနာနှစ် (၁၀၀)နှစ် (၄၄၄ဘီစီ)
ဒုတိယ သင်္ဂါယနာတင်သည့် နေရာ - ၊ဝေသာလီပြည်၊ (အိန္ဒိယနိုင်ငံ ရူပီပြည်နယ် )၀ါဠုကာရာမကျောင်း(၀ါ) ၀ါလိကာရုံကျောင်း
အကြီးအမှူးပြုသည့် ဦးဆောင်သံဃာ- အရှင်ယဿမထေရ် ဦးဆောင်သော အရှင်ရေ၀တနှင့် အရှင်သဗ္ဗကာမိ မထေရ်တို့က အဓိကတာဝန်ယူကာ ပိဋကတ်တော်များကို ရွတ်ဆိုကြပါသည်။
ဒုတိယ သင်္ဂါယနာ တင်ရာတွင် ၀ါဝင်သည့် ရဟန်းသံဃာဦးရေ - (၇၀၀)
ဒုတိယ သင်္ဂါယနာ တင်ရာတွင် အထောက်အပံ့ပြုသည့် ဘုရင်မင်း- ကာဠာသောကမင်း
ဒုတိယ သင်္ဂါယနာ တင်ရာတွင် ကြာမြင့်ခဲ့သည့်အချိန် - (၈) လ
ဒုတိယ သင်္ဂါယနာ တင်သည့်ဘာသာ - ပါဠိဘာသာ
ဒုတိယ သင်္ဂါယနာ တင်သည့်အက္ခရာ - နှုတ်ထက်အက္ခရာ
တတိယ သင်္ဂါယနာ
xxxxxxxxxxxx
တတိယ သင်္ဂါယနာ တင်သည့် ခုနှစ် - သာသနာနှစ် (၂၃၅) နှစ် (BC- 309 )
တတိယ သင်္ဂါယနာ တင်သည့် နေရာ - အိန္ဒိယနိုင်ငံ ပါဋလိပုတ်ပြည် အသောကာရုံကျောင်း
တတိယ သင်္ဂါယနာ တင်ရာတွင် အကြီးအမှူးပြုသည့် ဦးဆောင်သံဃာ - အရှင်မဟာမောဂ္ဂလိပုတ္တိဿမထေရ်
တတိယ သင်္ဂါယနာ တင်ရာတွင် ၀ါဝင်သည့် သံဃာဦးရေ - ရဟန္တာပေါင်း (၁၀၀၀)
တတိယ သင်္ဂါယနာ တင်ရာတွင် အထောက်အပံ့ပြုသည့် ဘုရင်မင်း - သီရိဓမ္မာသောကမင်း အသောကဘုရင်မင်းတရားသည် ၂၇၀ သို့မဟုတ် ၂၆၉ ဘီစီမှ ၂၃၄
သို့မဟုတ် ၂၃၃ ဘီစီအထိ ထီးနန်းစိုးစံခဲ့သည် (ုပါရဂူ)
တတိယ သင်္ဂါယနာ တင်ရာတွင် ကြာမြင့်ချိန် - (၉) လ၊
တတိယ သင်္ဂါယနာ တင်သည့်ဘာသာ - ပါဠိဘာသာ တတိယ သင်္ဂါယနာ တင်သည့်အက္ခရာ နှုတ်ထက်အက္ခရာ၊
စတုတ္ထ သင်္ဂါယနာ (သီဟိုဠ်)
xxxxxxxxxxx
စတုတ္ထ သင်္ဂါယနာ တင်သည့်ခုနှစ်- သာသနာနှစ်(၄၅၀) နှစ်-တချို့ (၄၅၅-၄၆၆) (BC -94 )
စတုတ္ထ သင်္ဂါယနာ တင်သည့်နေရာ - သီဟိုဠ်နိုင်ငံ မလယဇနပုဒ် အလောကလိုဏ်ဂူ
စတုတ္ထ သင်္ဂါယနာ တင်ရာတွင် အကြီးအမှူးပြုသည့် ဦးဆောင်သံဃာ - အရှင်မဟာဓမ္မရက္ခိတမထေရ်
စတုတ္ထ သင်္ဂါယနာ တင်ရာတွင် ပါဝင်သည့် သံဃာဦးရေ - ရဟန္တာပေါင်း (၅၀၀)
စတုတ္ထ သင်္ဂါယနာ တင်ရာတွင် အထောက်အပံ့ပြုသည့် ဘုရင်မင်း - ၀ဋ္ဋဂါမဏိမင်း
စတုတ္ထ သင်္ဂါယနာ တင်ရာတွင် ကြာမြင့်ချိန် - (၁) နှစ်
စတုတ္ထ သင်္ဂါယနာ တင်သည့်ဘာသာ - သီဟိုဠ်ဘာသာ
စတုတ္ထ သင်္ဂါယနာ တင်သည့်အက္ခရာ - ပေထက်အက္ခရာ
ပေရွက်ရေ………….. ၆၃၄၅ ….ရွက်

စတုတ္ထ သင်္ဂါယနာ -အိန္ဒိယ (၀ါ) သဗ္ဗတ္ထိဝါဒဂိုဏ်း ၏ ဒုတိယသင်္ဂါယနာ
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
သင်္ဂါယနာတင်သည့်ခုနှစ် သာသနာနှစ် (၆၅၀) (ခရစ် ၇၈-၁၀၁ သို့မဟုတ် ၁၂၀)
ဦးဆောင်သံဃာ=(၁) ၀သုမိတြမထေရ် သဘာပတိ၊ မဟာက၀ိအဿဃောသမထေရ် (ဒု-သဘာပတိ )
ပါဝင်သည့် ပညာရှင်ရဟန်းသံဃာ- (၅၀၀)
နေပြည်တော်မှာ ပုရုရှပူမ ရ (ပေရှာဝါ)ဖြစ်သည်။
နေရာ- အိန္ဒိယပြည်၊ ကသ္မီရတိုင်း (ကဿမီယာနယ်) ဇလန္ဒရမြို့ (၀ါ) ဂန္ဓရာဇ်တိုင်း
အချိန် (၆)လ ကြာမြင့်သည်။
ကြေးပြားပေါ်တွင်တင်သည်။
အထောက်အပံ့ပြုသည့်မင်း ၊ ကနိရှကမင်း
တင်သည့်ဘာသာ - သက္ကဋဘာသာ
ဤသင်္ဂါယနာကို ထေရ၀ါဒ ဗုဒ္ဓဘာသာက အသိအမှတ်မပြုပေ။
အဘယ်ကြောင့်ဆိုသော် ထေရ၀ါဒမှ ပြုလုပ်သော တတိယသင်္ဂါယနာ၏ အဆက်ဖြစ်ပါမူ စတုတ္ထ သင်္ဂါယနာခေါ်သင့်၏ ။အသောကမင်း တတိယသင်္ဂါယနာတင်စဉ်က သဗ္ဗတ္ထိဝါဒဂိုဏ်းအပါအ၀င် ဂိုဏ်းကွဲများများသည် နာလန္ဒမြို့၌ တတိယသင်္ဂါယနာနှင့် အတူ စင်ပြိုင်သင်္ဂါယနာတင်ခဲ့ကြသည်ဟု ဆိုကြသည်။ ဤ သဗ္ဗတ္ထိဝါဒဂိုဏ်းသည် တတိယသင်္ဂါယနာတင်စဉ်က ပေါ်ပေါက်ခဲ့သည်၊သဗ္ဗတ္ထိဝါဒသည် တတိယသင်္ဂါယနာတွင်အပယ်ခံခဲ့ရသဖြင့် သဗ္ဗတ္ထိဝါဒဂိုဏ်းသားတို့ဦးဆောင်သော သင်္ဂါယနာသည်လည်း တတိယသင်္ဂါယနာအဆက် မဖြစ်နိုင်ချေ။ ထိုကြောင့် ကနိရှကမင်းလက်ထက်ပြုလုပ်သော သဗ္ဗတ္ထိဝါဒဂိုဏ်း သင်္ဂါယနာကို အသိအမှတ်မပြုကြခြင်း ဖြစ်ဟန်ရှိသည်။ ကနိရှက တင်ခဲ့သော သင်္ဂါယနာသည် ထိုသဗ္ဗတ္ထိဝါဒဂိုဏ်းအတွက် ဒုတိယသင်္ဂါယနာဟုဖြစ်သင့်သည်ဟု ရေးသားထားသည်ကို လည်း တွေ့ရှိရပါသည်။
စတုတ္ထ သင်္ဂါယနာ (ရခိုင်ပြည် ဝေသာလီ)
xxxxxxxxxxxxxxxxxxxxxxxxx
သင်္ဂါယနာ တင်သည့်ခုနှစ် သာသနာနှစ်- (၁၁၆၉) နှစ် AD-677၊ ရခိုင်ကောဇာ ၅၆၀ဖြိုသည့်နှစ် တန်းခူးလပြည့်ကျော်တစ်ရက် { ဦးရွှေဇံ ရခိုင်သမိုင်းအလင်းပြကျမ်း}
သင်္ဂါယနာတင်သည့်နေရာ - ရခိုင်ဝေသာလီကျောက်လှေကားမြို့တော်၊ ရွှေတောင်ကြီး(ခေါ် ) သရက်ချိုတောင်ထိပ်၊
စတုတ္ထ သင်္ဂါယနာ တင်ရာတွင် အကြီးအမှူးပြုသည့် ဦးဆောင်သံဃာ-အရှင်စူဠရေ၀တမထေရ်
စတုတ္ထ သင်္ဂါယနာ တင်ရာတွပါဝင်သည့် သံဃာဦးရေ - ရခိုင်ပြည်မှ ၀ိပဿနာဓူရ ရဟန်းငါးရာ၊ ဂန္ဓာဓူရ ရဟန်းငါးရာ ၊ သီဟိုဠ်မှ ၀ိပဿနာဓူရ ရဟန်းငါးရာ၊ ဂန္ဓာဓူရ ရဟန်းငါးရာ ၊ စုစုပေါင်း ရဟန်သံဃာပေါင်း (၂၀၀၀)
စတုတ္ထ သင်္ဂါယနာ ကိုအထောက်အပံ့ပြုသည့်မင်း- သီရီစန္ဒြားမင်း(သီရိဓမ္မ၀ိဇယ) မိဖုရား ကဉ္စနမာလာဒေ၀ီ
စတုတ္ထ သင်္ဂါယနာ တင်သည့် ဘာသာ - ပါဠိဘာသာ
စတုတ္ထ သင်္ဂါယနာ တင်ရာတွင်ကြာမြင့်သည့်အချိန် (၃) နှစ်
တင်သည့်ပစ္စည်း - ကြေးပြား (၅၀၀၀) ချပ်
ပါဠိတော်(၁) - ၀ိနည်းငါးကျမ်း ကြေးပြားချပ်ရေ (၂၅၀ ) ချပ်
နိကာယ်ငါးရပ်တွင် သုတ္တန် ၄၁ ကျမ်း ကြေးပြားချပ်ရေ ( ၉၁၀) ချပ်
ဒုဒ္ဒကနိကာယ်ဝင် အဘိဓမ္မာ ကြေးပြားချပ်ရေ ( ၈၄၀ ) ချပ်
-------------
၂၀၀၀
သုတ္တာန် (၄၁)ကျမ်းကို တစ်သုတ်လျှင် တစ်ကျမ်းကျစီဖြင့် ရေတွက်ထားခြင်းဖြစ်ပါသည်။ အက္ခရာတင်ခဲ့ရာတွင် တစ်နှစ် ကြာမြင့်ခဲ့သည်။
သုတ္တန် (၄၁)ကျမ်း ရေတွက်ပုံမှာ
(၁) ဒီယနိကာယ် ၃ ကျမ်း
(၂)မဇ္ဈိမနိကာယ် (ပဏ္ဏသ) ၃ ကျမ်း
(၃) သံယုတ္တနိကာယ် ၅ ကျမ်း
(၄)အင်္ဂုတ္တရနိကာယ် ၁၁ ကျမ်း
(၅) ကျန် ခုဒ္ဒကနိကာယ် ၁၉ ကျမ်း
---------
သုတ်ကျမ်းပေါင်း ၄၁ ကျမ်း
အဌာကထာ ဖွင့်ဆိုရာ၌
ဝိနည်း ငါးကျမ်းမှာ ကြေးပြားချပ်ရေ ၇၅၀ ချပ်
သုတ် သုံးကျမ်း ကြေးပြားချပ်ရေ ၁၅၀၀ ချပ်
အဘိဓမ္မာ ၇ ကျမ်း ကြေးပြားချပ်ရေ ၆၉၀ ချပ်
ဝိသုဒ္ဓိမဂ် ၄၀ ချပ်
ကင်္ခါဝိတရဏီနှစ်ကျမ်း ၂၀ ချပ်
(ဘိက္ခု ၊ ဘိက္ခုနီဝိနိစ္ဆာယ)
-----------
၃၀၀၀
အတွက် အက္ခရာတင်ရာတွင် ၂ နှစ်ကြာမြင့်ခဲသည်။
----------------------
စုစုပေါင်း ကြေးပြားချပ်ရေ (၅၀၀၀) ငါးထောင်
ကြေးပြားတစ်ချပ်အရွယ်အစား - အလျား ၂၇ လက္မ ၊ အနံ ၁၅ လက္မ -ထု တစ်မူး
ကြေးပြားတစ်ချပ်တွင် ပါသည့် စာကြောင်းရေ ( ၂၇ ) ကြောင်းစီ ကျောဖက်ရင်ဖက် ရေးထိုးထားသည်။
သင်္ဂါယနာ တင်ပြီ။းသောအခါ ထိုမူအတိုင်း ရေးကူးပွားစေသည်။ မူရင်းပိဋကတ်တော်ကြေးပုရပိုက်များကို ဝေသာလီမြို့တော်တစ်နေရာရှိ စေတီတစ်ဆူ၌ ဌာပနာတော်ထည့် ပြုလုပ်ခဲသည်ဟု သိရပေါသည်။ ထိုမူရင်းပွားကူးသော သင်္ဂါယနာတင် ပိဋကတ်ကျမ်းဂန် များကို မြောက်ဦးခေတ်တွင် နန်းတော်နှင့် အနီးဆုံး အလုံခြုံဆုံးဖြစ်သော ရွှေဂူတောင် ပိဋကတ်တိုက်၌ သိမ်းဆည်းထားသည်ဟု တဆင့်စကားကြားဖူးပါသည်။ ယနေ့အချိန်ခါ ယင်းပိဋကတ်ကျမ်းဂန်များကို စစ်ဘေးစစ်ဒဏ်များကြောင့် ပျောက်ဆုံး ပျက်စီးကာ ရုပ်ဝတ္ထု သက်သေအဖြစ် လက်ဆုပ်လက်ကိုင် မပြနိုင်စေကာမူ ရခိုင်ပြည် ဝေသာလီရှိ (သင်္ဂါယနာကုန်းတော်) ရွှေတောင် ခေါ် သရက်ချိုတောင်ထိပ်ကို မြေညှိကာ သင်္ဂါယနာတင် သည့် ရဟန်တော်များ သီတင်းသုံးနေထိုင်ရန်အတွက် ဆောက်လုပ်လှူဒါန်းပေးခဲ့သော ကျောင်းတော်ရာများနှင့် ယင်းတောင်ကုန်း၏ အရှေ့ဖက်တွင် ဧက (၂၀) ရှိ သောက်ရေကန်ကြီး ပန်းချင်းမြောင် ကို ရုပ်ဝတ္ထုသက်သေအဖြစ် ယနေ့တိုင် ထင်ရှားရှိနေပါသေးသည်။
ပဉ္စမ သင်္ဂါယနာ
xxxxxxxxxxx
ပဉ္စမ သင်္ဂါယနာ တင်သည့်ခုနှစ် - သာသနာနှစ် (၂၄၁၂-၂၄၁၅) နှစ် A.D -၁၈၇၁/ မြန်မာသက္ကရစ် -၁၂၃၂-ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် (၁၁)ရက်
ပဉ္စမ သင်္ဂါယနာ တင်သည့်နေရာ - မြန်မာနိုင်ငံ မန္တလေးမြို့ ရတနာပုံနေပြည်တော်၊ မန္တလေးတောင်ခြေ(တစ်ချို့က) မန္တလေးနန်းတော်အရှေ့ဘက်သစ်တပ် မဏ္ဍပ်ဟုဆိုသည်။
အကြီးအမှူးပြုသည့် ဦးဆောင်သံဃာ -
(၁)တောင်ဆောင် မိဖုရားကြီး၏ ဆရာ-ဇာဂရာဘိဝံသတိပိဋ္ဋကဓရမဟာဓမ္မရာဇာဓိရာဇဂုရု
(၂)မြတောင်မြို့စားသေနက်ဝန်ကြီးဆရာ-နရိန္ဒိာဓဇသိရိသဒ္ဓမ္မဇောတိပါလဓဇမဟာဓမ္မရာဇာဓိရာဇဂုရု (၃)စီးတောင်ပြင် ၀န်တိုက် ဆရာတော် သုမင်္ဂလသာမိ သီရိပ၀ရမဏိဓဇမဟာဓမ္မရာဇဓိရာဇဂုရု
ပဉ္စမ သင်္ဂါယနာ တင်ရာတွင် ပါဝင်သည့် သံဃာဦးရေ - ရိုးရိုးရဟန်းပေါင်း (၂၄၀၀)
ပဉ္စမ သင်္ဂါယနာကို အထောက်အပံ့ပြုသည့် ဘုရင်မင်း - မင်းတုန်းမင်း
ပဉ္စမ သင်္ဂါယနာ တင်ရာတွင် ကြာမြင့်သည့်အချိန် -နှုတ်ဖြင့်ရွတ် (၅) လ (၃) ရက်
ပဉ္စမ သင်္ဂါယနာ ကျောက်ထက်အက္ခရာတင်ရာတွင် ကြာသည့်အချိန် - (၇) နှစ် (၆) လ (၁၄) ရက်
ပဉ္စမ သင်္ဂါယနာ တင်သည့်အက္ခရာ - ကျောက်ထက်အက္ခရာ
ပိဋကတ်တော် တို့ကိုကျောက်စာအဖြစ်မှတ်တမ်းတင်ရာ၌ ....
{ ၁ } ၀ိနည်းငါးကျမ်း ပါဋ္ဌိတော်( ၁၁၁) ချပ်
{ ၂ }အဘိဓမ္မာပါဋ္ဌိတော် (၂၀၈) ချပ်
{ ၃ }သုတ္တန်ပါဋ္ဌိတော် (၄၁၀) ချပ်
ကျောက်ပြားရေ - (၇၂၉) ချပ်
ဆဌသင်္ဂယနာ
xxxxxxxxxx
ဆဋ္ဌ သင်္ဂါယနာ တင်သည့်ခုနှစ် - သာသနာနှစ် (၂၄၉၈) (AD-1954-56) မြန်မာသက္ကရာဇ် ၁၃၁၆ နှစ်
ဆဋ္ဌ သင်္ဂါယနာ တင်သည့် နေရာ - မြန်မာနိုင်ငံ ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂူ
ဆဋ္ဌ သင်္ဂါယနာ တင်ရာတွင် အကြီးအမှူးပြုသည့် ဦးဆောင်သံဃာများ
ညောင်ရမ်းဆရာတော်အရှင်ရေ၀တ၊ မဟာစည်ဆရာတော်အရှင်သောဘဏ၊ မင်းကွန်းဆရာတော် ဦးဝိစိတ္တသာရာ ဘိဝံသ
ဆဋ္ဌ သင်္ဂါယနာ ပါဝင်သည့် သံဃာဦးရေ -(၂၅၀၀)
ဆဋ္ဌ သင်္ဂါယနာ ကို အထောက်အပံ့ပြုသည့် ပုဂ္ဂိုလ် - ပြည်ထောင်စု မြန်မာနိုင်ငံတော် သမ္မတကြီးဒေါက်တာ ဘဦးနှင့် ၀န်ကြီးချုပ် ဦးနု - ဖဆပလ အစိုးရ
ဆဌ သင်္ဂါယနာ တင်သည့်အက္ခရာ ပါဠိဘာသာ - စာရွက်
ကြာမြင့်ချိန် (၂)နှစ်
စာအုပ်ရေ …………… ၄၀... အုပ်
စာရွက်ရေ..................၆၅၄၇ …….ရွက်
စာမျက်နှာ ……………….. ၁၃၀၉၄ ...... မျက်နှာ
စာကြောင်းရေ ……….…၄၀၄၀၇၀ ....…..ကြောင်းရှိပေသည်။
ပိဋကတ် ၃ ပုံလုံး၌ ပါဝင်သော အက္ခရာလုံးရေမှာ…၁၁၀၂၁၇၅၀…တစ်ကုဋေ တစ်သန်း နှစ်သောင်း တစ်ထောင် ခုနှစ်ရာ့ ငါးဆယ်…..ရှိလေသည်….။
အကျယ်ကို နောက်မှ အချိန်ရသည့်အခါ တင်ပေးပါမည်။
မှတ်တမ်းအဖြစ် သိမ်းထားလိုသူများ သိမ်းထားကြပါ၊ ပြုစုသူကို မေတ္တာတုန့်ပြန်သည့်အနေဖြင့် SHARE လေးတစ်ခါလောက် Like လေးတစ်ခါလောက် ပေးရင် ပင်ပန်းရတာ ကျေနပ်ပါပြီ၊ မိတ်ဆွေတို့ ညီအကို အပေါင်းတို့။
ကျမ်းကိုးကား။ ။
ဦးဦးသာထွန်း (ရခိုင်မြန်မာပဏ္ဍိတ်)နှင့် အရှင်ဥာဏိသရ အမေးအဖြေ
ဝိနည်းစူဠ၀ါ ပါဠိတော်၊
ပါရာဇိကဏ္ဍ အဌကထာ၊ မဟာဝံသ၊ စူဠသံသ ဦးသာမြတ်(Buddhism in southeast Asia)
ဓည၀တီရာဇ၀င်သစ်၊ ဦးပဏ္ဍိ ၊
ရခိုင်ရာဇ၀င်သစ်ကျမ်း၊ရမ်းဗြဲတောင်ကျောင်းဆရာတော်၊
နတ်သမီးသိုက်ရာဇ၀င်၊
ရခိုင်သမိုင်းအလင်းပြကျမ်း၊
ရခိုင်ရှေးဟောင်းမြို့တော်များ၊ ဦးထွန်းရွှေခိုင်၊
မဟာရာဇ၀င်တော်ကြီး၊ ဦးထွန်းရွှေခိုင်၊
ရခိုင်ရာဇ၀င်ကြီး၊ဦးထွန်းရွှေ
မင်းဆက်နန်းဆက်ရာဇ၀င်၊နေလစင်္ကြာ ၊အရှင်ဓမ္မ၀ံသ၊မြောက်ဦးမြို့
ရာဇာနှင့် သာသနာ (ပါရဂူ)
သာသနာ (၂၅၀၀ )ခရီး
ရခိုင်စာပေခရီး၊ရခိုင်ညွန်ဖူး အမှတ်(၄)

ရေစကြို အရှင်ဧသိက၏ ထေရ၀ါဒ ဆောင်းပါးကောက်နှုတ်ချက်၊